#အဘိဓမ္မာဆိုတာ
**************
အဘိဓမ္မာဆိုတာကတော့ ထူးကဲတဲ့တရားလို့ ဆိုရတယ်။ အဘိဓမ္မာမှာ အဘိရယ် ဓမ္မရယ် ၂ ပုဒ်တွဲထားတယ်။ အဘိ-ဆိုတာ လွန်ကဲတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ (သို့မဟုတ်) ထူးမြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်၊ ဓမ္မဆိုတာက တရား၊ အဲဒီတော့ လွန်ကဲထူးမြတ်တဲ့တရားဆိုတာက ဘာကိုဆိုလိုတာလဲ?
အဘိဓမ္မာက သုတ္တန်ထက်ပိုပြီး မြင့်မြတ်တယ်၊ အဘိဓမ္မာမှာ ဟောထားတဲ့ တရားတွေက သုတ္တန်မှာ ဟောထားတဲ့ တရားတွေထက် သာတယ် ဒီလိုဆိုတာ မဟုတ်ဘူး။ အဲဒီတော့ (method of treatment) မှာ သူက ပိုပြီးတော့ ကျယ်ဝန်းများပြားတယ်၊ ဒါကြောင့်မို့ အဘိဓမ္မာလို့ခေါ်တာ။
သုတ္တန်နဲ့ အဘိဓမ္မာ ဘာထူးလဲဆိုတော့ သုတ္တန်မှာကတော့ ခေတ်သုံး လောကသုံးလိုက်ပြီးတော့ မြတ်စွာဘုရားက ဟောတော်မူတယ်။ အဘိဓမ္မာကျတော့ ပရမတ်သဘောတရားလို့ခေါ်တဲ့ တကယ်အစစ်အမှန်ရှိတဲ့ သဘောတရားတွေကို ဆိုလိုတဲ့ စကားလုံးတွေကို သုံးပြီးတော့ ဟောတော်မူတယ်။ အဲဒီလို ကွာသွားတယ်။
အဘိဓမ္မာပိဋကတ်မှာ တကယ် အရှိတရားဖြစ်တဲ့ ရုပ်တို့နာမ်တို့ကို အကျယ်ဟောတော်မူတာ (သို့) ခန္ဓာငါးပါး၊ အာယတန ၁၂ ပါး၊ ဓာတ် ၁၈ ပါး ဒါတွေကို အကျယ်ဟောတော်မူတာ။
စိတ်ကို ဘယ်လောက် အသေးစိပ် ဟောထားသလဲ၊ အဘိဓမ္မာမှာ နေ့စဉ်သုံးစကားနဲ့ ပြောတဲ့အခါမှာ စိတ်လို့ပြောလိုက်တာပဲနော်။ တကယ့်တကယ် ပြောမယ်ဆိုရင် နေ့စဉ်ပြောစကားမှာသုံးတဲ့ စိတ်ဟာ အဘိဓမ္မာအလိုဆို စိတ်နဲ့စေတသိက် ၂ မျိုးကို ဆိုလိုတာ။
စိတ်နဲ့စေတသိက်က အမြဲတမ်း ပေါင်းပြီးတော့ ဖြစ်တာ၊ ဉာဏ်နဲ့သာ ဒါက စိတ်ပဲ။ ဒါက စေတသိက်ပဲလို့ ခွဲခြားသိနေရတာ။
တစ်ခါ အဲဒီ စိတ်ကလည်းပဲ အမျိုးမျိုးရှိတယ်။ စိတ်ပေါင်း ၈၉ မျိုး (သို့) ၁၂၁ မျိုး ရှိတယ်။ တစ်ခါ စေတသိက်ကလည်း ၅၂ မျိုး ရှိတယ်။ အဲဒီလို မြတ်စွာဘုရားက mind ပေါ့၊ အင်္ဂလိပ်လို mind ကို အလွန် အသေးစိပ် ဝေဖန်ပြီးတော့ ဟောတော် မူတယ်။
အဘိဓမ္မာတတ်ဖို့ လိုအပ်သလား
ကောင်းပြီ အဘိဓမ္မာတတ်ဖို့ တကယ်လိုသလား မလိုဘူးးလား၊ ဘယ်လို ဖြေကြမလဲ?
ကုသိုလ်, အကုသိုလ်
မြတ်စွာဘုရား ဟောထားတာရှိတယ်၊ သဗ္ဗပါပဿ အကရဏံ အကုသိုလ်မလုပ်ကြနှင့်၊ ကုသိုလ်ကို မင်းတို့ ပြည့်စုံအောင်လုပ်ကြ၊ ကိုယ့်စိတ်ကို ဖြူစင်အောင်ထား၊ ဒါ မြတ်စွာဘုရားရဲ့ ဆုံးမ ဟောကြားချက် အကျဉ်းချုပ်ပဲ။
သဗ္ဗပါပဿ အကရဏံ ကုသလဿ ဥပသမ္ဗဒါ
သစိတ္တ ပရိယောဒနံ ဧတံ ဗုဒ္ဓါန သာသနံ။
ဒါ ဓမ္မပဒမှာ ရှိတယ်။
အဲဒီ ဘုရားဟောသြ၀ါဒကို မိမိက လိုက်နာချင်တယ်၊ အဲဒီတော့ အကုသိုလ်မှန်သမျှ မပြုနှင့်လို့ မြတ်စွာဘုရားက ဟောတော်မူတယ်။ အဲဒီတောာ့ အကုသိုလ်ဆိုတာဘာလဲ၊ ကုသိုလ်ဆိုတာ ဘာလဲ၊ တိတိကျကျ မပြောတတ်ဘူး။ အဲဒီလို မသိတော့ ဘုရားက အကုသိုလ်ကို ပယ်ရမယ် ပြောတယ်။ ကိုယ်က ကုသိုလ်မှန်း အကုသိုလ်မှန်း မသိရင် ဘယ့်နှယ်လိုက်နာလို့ ရမလဲ။
ကုသိုလ်ဆိုတာ ဘာလဲ၊
အပြစ်မရှိဘူး၊ ကောင်းသောအကျိုးကို ပေးတတ်တဲ့သဘော တရားတွေကို ကုသိုလ်လို့ ခေါ်တယ်၊ ကုသိုလ်ကို ပြည့်စုံအောင်လုပ်ကြ၊ စိတ်ကို ဖြူစင်အောင်ထားဆိုတော့ စိတ်အညစ်အကြေးတွေက ဘာတွေလဲ ဆိုတာသိဖို့ မလိုဘူးလား၊ အဲဒါကြောင့်မို့ စိတ်အညစ်အကြေးမသိပဲနှင့် စိတ်ကို ဘယ်လို ဖြူစင်အောင် ထားတတ်မလဲနော်။
မြတ်စွာဘုရားက ဟောထားတယ်၊ စိတ်အညစ်အကြေးက ဘာလဲ?
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ၀ိစိကိစ္ဆာ၊ ထိန၊ မိဒ္ဓ၊ ဒါတွေ ဟောထားတယ်။ အဲဒါကို ကိလေသာလို့ခေါ်တယ်။
အကုသိုလ်ဆိုတာ လောဘ ဒေါသ မောဟနှင့် တွဲဖြစ်တာ မှန်ရင် အကုသိုလ်ပဲ။
အဲဒီ လောဘ ဒေါသ မောဟရဲ့ ပြောင်းပြန်ဖြစ်တဲ့ အလောဘ-မလိုချင်တာ၊ အဒေါသ-မေတ္တာ စိတ်မဆိုးတာ၊ အမောဟ-မတွေဝေတာ၊ မတွေဝေတာဆိုတာ အမှန်အကန်အတိုင်း သိတာ၊ အဲဒါတွေနဲ့ တွဲဖြစ်ရင် ကုသိုလ်လို့ခေါ်တယ်။
တွဲဖြစ်တယ်လို့ ပြောတာလေး သတိထားနော်။ အင်္ဂလိပ်လိုရေးတဲ့ အထဲမှာ သူတို့က (rooted in) လို့ ရေးတတ်တယ်။ အမှန်က (accompanied by) အဲဒါမျိုးလာရမယ်။ ဘာကြောင့်တုန်းဆိုတော့ လောဘကြောင့် ကုသိုလ်ဖြစ်နိုင်တယ်၊ အခုဆိုလိုတာက လောဘနဲ့တွဲဖြစ်တာကို ပြောချင်တာ။
ဆိုပါတော့ နောက်ဘ၀ နတ်ပြည် ဖြစ်ချင်တယ်။ နတ်ပြည်ကို တွယ်တာတဲ့စိတ် မရှိဘူးလား၊ နတ်ပြည်ရောက်ချင်တော့ ဘာလုပ်လဲ? ကုသိုလ်လုပ်တာပေါ့။ အဲဒီ ကုသိုလ်ဟာ ခုန လောဘကနေပြီးတော့ ကျေးဇူးပြုပေးတာ၊ (rooted in) လောဘလို့ပြောရင် ဟိုကလည်း အကုသိုလ်ဖြစ်ရလိမ့်မယ်၊ နတ်ပြည်ရောက်ချင်လို့ လုပ်တဲ့ ကုသိုလ်မဟုတ်ဘူးး၊ ကုသိုလ်ဟာ ကုသိုလ်ပဲ။ ဒါကြောင့်မို့ အဘိဓမ္မာထဲမှာ (rooted in) လောဘလို့ ရေးလျှင် မကိုက်ဘူး။ အတူတူဖြစ်တာကို ဆိုလိုတာ၊ တစ်ပြိုင်နက် တွဲဖြစ်သလား၊ မဖြစ်ဘူးလား၊ အဲဒါကိုကြည့်။
တစ်ပြိုင်နက် တွဲဖြစ်တာ လောဘပါရင် အကုသိုလ်ဖြစ်တယ်၊ အလောဘ မလိုချင်တဲ့သဘောတရားပါရင် ကုသိုလ်ဖြစ်တာ။
ဓမ္မပဒမှာ ပထမဆုံးဂါထာရှိတယ်။ မနောပုဗ္ဗင်္ဂမာဓမ္မာ၊ သာမညအားဖြင့် ဘာသာပြန်မယ်ဆိုရင် ဓမ္မတို့သည် စိတ်လျင်ရှေ့သွားရှိကြသည်။
ဆိုလိုတာကတော့ စိတ်ဟာ ဓမ္မတွေရဲ့ ရှေ့သွားရှိတယ်။ ဒီဂါထာမှာ ဆိုလိုတာက ဓမ္မဆိုတာဟာ ဘာကို ဆိုလိုတာလည်းဆိုရင် တစ်ခြားနာမ်တရားတွေကို ဆိုလိုတာ။
စိတ်ရယ် စေတသိက်ရယ် ရှိတဲ့အခါမှာ စေတသိက်တွေကို နာမ်တရား၊ စိတ်ကိုလည်း နာမ်တရား၊ အဲဒီ စေတသိက်တရားတွေကို ဆိုလိုတာ၊ အဲဒီ စေတသိက်တရားတွေဟာ စိတ်တည်းဟူသော ခေါင်းဆောင်ရှိကြတယ်၊ စိတ်တည်းဟူသော ရှေ့သွားရှိကြတယ်၊ စိတ်ဟာ နာမ်ခန္ဓာသုံးပါးရဲ့ ရှေ့သွား ဖြစ်တယ်၊ ခေါင်းဆောင်ဖြစ်တယ်လို့ ဒီလို ဆိုလိုတယ်။
ရှေ့သွားဖြစ်တယ်ဆိုတော့ သာမညအားဖြင့် ပြောမယ်ဆိုရင် စိတ်က ရှေ့ကသွား၊ စေတသိက်တွေက နောက်ကလိုက်မှာလား၊ အမှန်ကတော့ တစ်ပြိုင်နက်သောခဏမှာဖြစ်တာ။ စိတ်ကဖြစ်ပြီး စေတသိက်က နောက်မှ ဖြစ်တာ မဟုတ်ဘူး။ တစ်ပြိုင်နက်သော ခဏမှာ အတူတကွဖြစ်ကြတာ၊ ဖြစ်ပေမယ့်လို့ စိတ်ကနည်းနည်းခေါင်းဆောင်လိုဖြစ်တော့ သူ့ကို ရှေ့သွားလို့ ခေါ်ရတာ၊ တကယ်ကတော့ တစ်ပြိုင်နက်သောခဏမှာ ဖြစ်ကြတာ။
အဲဒီလို လေးနက်တာလေးတွေ နားလည်ဖို့ကျတော့ အဘိဓမ္မာပါမှ နားလည်တာ၊ အဘိဓမ္မာမပါရင် သာမန်အပေါ်ယံပဲ နားလည်သလိုလို မလည်သလိုလိုပါပဲ။ လုံးဝနားမလည်တာလည်း မဟုတ်ဘူး။ တကယ် တိတိကျကျလည်း နားမလည်ဘူး။ အဲဒီလို ဖြစ်တတ်တယ်။
ဒါကြောင့်မို့ အဘိဓမ္မာဟာ မြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ သုတ္တန်တရားတော်တွေပဲ နားလည်ဖို့အရေးမှာ မရှိရင် မဖြစ်ဘူး (ဆိုပါတော့)၊ အဲဒါတော့ သေသေချာချာသာ မှတ်ထား။ ဒါတွေ အဘိဓမ္မာ (Refenence) လုပ်မှသာ ဒါကို နားလည်မယ်၊ သို့မဟုတ်ရင် နားမလည်ဘူးး။
ဒါကြောင့် အဘိဓမ္မာဟာ ဗုဒ္ဓ၀ါဒကို နားလည်ဖို့အရေးမှာ မရှိရင်မဖြစ်တဲ့ ပညာတစ်ရပ်ပဲလို့ ဒီလိုသာ မှတ်ထားလိုက်။
အဘိဓမ္မာလို့ ပြောလိုက်တဲ့ခါကျတော့ အဘိဓမ္မာ ၇ ကျမ်း ရှိတယ်။ နာမည်တွေလျှောက်ပြောရင်တော့ ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း ဆိုပြီးတော့ အဘိဓမ္မာ ၇ ကျမ်း ရှိတယ်။ အဲဒီ အဘိဓမ္မာ ၇ ကျမ်းကို မြတ်စွာဘုရား နတ်ပြည်မှာ ဟောတာနော်။
မြတ်စွာဘုရား (၇) ၀ါမြောက်မှာ တာဝတိံသာ ကြွပြီးတော့ မယ်တော် မိနတ်သား အမှုးပြုတဲ့ နတ်တွေကို အဘိဓမ္မာတရားကို ၀ါတွင်းသုံးလပတ်လုံး ဟောတော်မူတယ်။
အခု (A Manual of Abhidhamma) ရဲ့ မူရင်းက ဘာလဲဆိုရင် အဘိဓမ္မတ္ထ သင်္ဂဟခေါ်တဲ့ သင်္ဂြိုဟ်ကျမ်း လို့လည်းခေါ်တယ်။ အဲဒါက ပါဠိလို အလွတ်ကျက်ရတာ၊ အဲဒီဟာကို အင်္ဂလိပ်လို ဘာသာပြန်ထားတာ သုံးခုရှိတယ်။
ပြီးတော့ ည၀ါဆိုတာ ရှိသေးတယ်။ အဲဒါဟာ မြန်မာပြည်မှာ ယနေ့အထိ အသက်ရှင်နေတုန်းပဲ။
ပြီးတော့ အထူးသဖြင့် ဒီနိုင်ငံမှာက တရားထိုင်တာ (အလေ့အထများတော့) တရားထိုင်တဲ့လူဟာ ဘာစာအုပ်ဖတ်ရမလဲ၊ ၀ိသုဒ္ဓိမဂ် ဖတ်ရမယ်။
အဘိဓမ္မာဆိုတာ စာအုပ်ထဲသွားရှာရတာ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာရှိတာ မသိကြလို့သာ။ တရားထိုင်တာနဲ့ အဘိဓမ္မာနဲ့ တွဲသွားတာ။ တရားထိုင်ထားရင် အဘိဓမ္မာပိုသဘောပေါက်တယ်၊ အဘိဓမ္မာ နားလည်ထားရင် တရားထိုင်တော့လည်း ပိုကောင်းတယ်။ အဲဒီလို အပြန်အလှန် ကျေးဇူးပြုသွားတယ်။
အရှင်သီလာနန္ဒာဘိဝံသ (ပါမောက္ခချုပ်ဆရာတော်)
ကို Ko Aung Aungထံမှကူးယူသည်။
Saturday, March 17, 2018
Wednesday, March 7, 2018
မာတိကာဆိုတာ?
အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးမှာ ဖြေဆိုရတဲ့ထဲက မာတိကာဆိုတာ ဘာကိုဖြေဆိုရတာလဲသိစေဖို့ပါ၊ အာဂုံဖြေဆိုသူ အများစု မာတိကာကို စဖြေဆိုလေ့ရှိကြပါတယ်။ မာတိကာဖြေဆိုမယ်ဆိုရင် ဓာတုကထာကျမ်း ပါဠိစာမျက်နှာ (၁၀၀)နဲ့ တွဲဖက်ဖြေဆိုသင့်တယ်လို့လည်း အကြံပြုအပ်ပါတယ်။
မြတ်စွာဘုရားရှင် လေးဆယ့်ငါးဝါပတ်လုံး နေရာဒေသအသီးသီးမှာ ဟောကြားခဲ့တဲ့ တရားဒေသနာတော်တွေကို အရှင်မဟာကဿပမထေရ် ဦးဆောင်သော ရဟန္တာမထေရ်ကြီးများက စုစည်းမှတ်တမ်းတင်ခဲ့ကြရာ ထိုတရားတော်များသည်
-၀ိမုတ္တိရသအားဖြင့် ၁ပါး
-ဓမ္မ၀ိနယအားဖြင့် ၂ပါး
-၀စနအားဖြင့် ၃ပါး
-ပိဋကတ်အားဖြင့် ၃ပါး
-နိကာယ်အားဖြင့် ၅ပါး
-အင်္ဂါအားဖြင့် ၉ပါး
-ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ ဟူ၍ သတ်မှတ်နိုင်ပါသည်။ ပိဋကတ်သုံးပုံတွင်လည်း အဘိဓမ္မာ(၇)ကျမ်းရှိပါသည်။ ထိုကျမ်းများမှာ-
၁။ ဓမ္မသင်္ဂဏီ (Classification of States)
၂။ ၀ိဘင်း (Book of Analysis)
၃။ ဓာတုကထာ (Book of Discourse on Elements)
၎။ ပုဂ္ဂလပညတ် (Book of Classification of Individuals)
၅။ ကထာဝတ္ထု (Book on Points of Controversy)
၆။ ယမိုက် (Book of Pairs)
၇။ ပဋ္ဌာန်း (Book of Conditionl Relations) တို့ ဖြစ်ပါသည်။ ထိုခုနစ်ကျမ်းတို့တွင် ဓမ္မသင်္ဂဏီကျမ်းကို ရှေးဦးစွာ ဟောကြားတော်မူပါသည်။ သတ္တလည်းမဟုတ် ဇီဝလည်းမဟုတ်သော 'တရား' တို့ကို ရေတွက်၍ ပြသောကျမ်း ဖြစ်ပါသည်။ ထိုဓမ္မသင်္ဂဏီကျမ်းသည်လည်း-
(၁) စိတ္တုပ္ပါဒကဏ္ဍ (စိတ်၊ စေတသိက်တို့ကို ပြဆိုသောအပိုင်း)
(၂) ရူပကဏ္ဍ (ရုပ်တို့ကို ပြဆိုသောအပိုင်း)
(၃) နိက္ခေပကဏ္ဍ (တိက်၊ ဒုက်အားလုံးကို သိမ်းကျုံး၍ မကျဉ်းမကျယ်ပြဆိုသော အပိုင်း)
အဘယ်ကြောင့် တိက်၊ ဒုက် တို့ကို အကျယ်မပြဆိုသနည်း? ရှင်းဦးအံ့၊ နိက္ခပကဏ္ဍ ဟူသည် "ပယ်စွန့်ထားသောအပိုင်း' ဟု အဓိပ္ပယ်ရလေသည်။ အဘယ်ကို ပယ်သနည်း? အကျယ်ဟောကြားသောနည်းကို ပယ်စွန့်ခြင်း ဖြစ်လေသည်။ အကယ်၍ အကျယ်ဟောပါက ဓမ္မသင်္ဂဏီကျမ်းကြီး ပြီးဆုံးမည်မဟုတ်တော့ပါ။ ထို့ကြောင့်တည်း။
(၄) အဋ္ဌကထာကဏ္ဍ (သုတ္တန္တိကဒုက်တို့မှ တပါးကြွင်းသော တိက်ဒုက်တို့၏ အရကောက်ကို ပြဆိုသောအပိုင်း) ဟူ၍ လေးပါး အပြားရှိပါသည်။ ထိုလေးပါးတို့တွင် စိတ္တုပ္ပါဒကဏ္ဍကို ရှေးဦးစွာ ဟောတော်မူပါသည်။ ထိုစိတ္တုပ္ပါဒကဏ္ဍသည်လည်း-
(၁) မာတိကာ
(၂) ပဒဘာဇနီ အားဖြင့် နှစ်ပါးအပြားရှိပါသည်။ ထိုနှစ်ပါးတို့တွင် မာတိကာကို ရှေးဦးစွာ ဟောတော်မူပါသည်။ မာတိကာ(Content) ဆိုသည့်အတိုင်း တရားခေါင်းစဉ်များကို ဟောကြားထားခြင်း ဖြစ်ပါသည်။ မာတိကာကျမ်းသည် ဓမ္မသင်္ဂဏီကျမ်း၏ မာတိကာ ဖြစ်သကဲ့သို့ အဘိဓမ္မာ(၇)ကျမ်းလုံး၏ မာတိကာလည်း ဖြစ်ပါသည်။ ထိုမာတိကာသည်လည်း-
(၁) တိကမာတိကာ
(၂) ဒုကမာတိကာ ဟူ၍ှနှစ်ပါးအပြားရှိပါသည်။
တိက ဟူသည်မှာ ပရမတ္ထတရားလေးပါးကို သုံးစုပြု၍ ဟောရာဟောကြောင်း ဖြစ်သောကြောင့် တိက- 'တိက်' မည်ပါသည်။ ဥပမာ ပရမတ္ထတရားလေးပါးတို့ကို-
(၁) အပြစ်မရှိခြင်း ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာရှိသော ကုသိုလ်တရား (ကုသိုလ်စိတ်၂၁၊ စေတသိက်၃၈)
(၂) အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာရှိကုန်သော အကုသိုလ်တရား (အကုသိုလ်စိတ်၁၂၊ စေတသိက်၂၇)
(၃) ကုသိုလ်အကုသိုလ်တို့၏ အဖြစ်အားဖြင့် မဟောကြား၊ တပါးသောအဖြစ်အားဖြင့်ဟောကြားတော်မူသော အဗျာကတတရား (၀ိ၃၆၊ကြိ၂၀၊စေ၃၈၊ရုပ်၂၈၊နိဗ္ဗာန်) ဟူ၍ သုံးစုပြု၍ ဟောကြားခြင်း ဖြစ်ပါသည်။ ထိုကြောင့် တိက် တစ်တိက်တွင် အထက်ဖော်ပြပါအတိုင်း အပုဒ်သုံးပုဒ် (ပဒသုံးခု) ပါဝင်ပါသည်။ တိက်စုစုပေါင်း '၂၂'တိက် ဖြစ်ပါသည်။
ဒုက ဟူသည်မှာ ပရမတ္ထတရားလေးပါးကို နှစ်စုပြု၍ ဟောရာဟောကြောင်း ဖြစ်သောကြောင့် ဒုက-'ဒုက်' မည်ပါသည်။ ဥပမာ ပရမတ္ထတရားလေးပါးကို
(၁) ဟိတ်မည်သောတရား (ဟိတ်၆ပါး)
(၂) ဟိတ်မမည်သောတရား (စိတ်၈၉၊ ဟိတ်၆ကြဉ် စေ၄၆၊ ရုပ်၂၈၊ နိဗ္ဗာန်) ဟူ၍ နှစ်စုပြု၍ ဟောကြားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒုက် တစ်ဒုက်တွင် အပုဒ်နှစ်ပုဒ် (ပဒနှစ်ခု) ပါဝင်ပါသည်။ ဒုက်စုစုပေါင်း (၁၀၀)ဒုက်ဖြစ်ပါသည်။ ယခုဖော်ပြထားသည်မှာ ဘုရားရှင်ဟောကြားတော်မူသည့် ဒုက်ဖြစ်ပါသည်။ အရှင်သာရိပုတ္တရာ ဟောကြားတော်မူသည့် သုတ္တန္တိကဒုက် (၄၂)ဒုက်လည်း ရှိပါသေးသည်။ ထို (၄၂)ဒုက်ကိုလည်း အာဂုံ+ရေးဖြေ ထည့်သွင်း ဖြေဆိုရမည်ဖြစ်ပါသည်။ ဤကား အာဂုံဖြေဆိုလိုသော သူတို့အတွက် စာအနည်းဆုံး ဘာသာရပ် တစ်ခုကို ရှင်းပြထားခြင်း အကျဉ်းတည်း။
ရဲမင်းသူ

Tuesday, March 6, 2018
အဘိဓမ္မာသင်တန်း-အဘိဓမ္မာ တက္ကသိုလ်
၁။ အဘိဓမ္မာသင်တန်းများ
ရန်ကုန်ရှိ မြို့နယ်တိုင်းလိုလိုမှာ ရှိပါတယ်
မအားလပ်သူများ အခွေ- စာအုပ်များစွာ လေ့လာနိုင်ပါတယ်
နှစ်စဉ် ဒီဇင်ဘာလတွင် နိုင်ငံတော်မှ အစိုးရအဆင့် စာမေးပွဲများ
ကျင်းပပေးပါတယ်
၂။အဘိဓမ္မဓရဘွဲ့ အတွက်
ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေဝင်းအတွင်း အဘိဓမ္မတက္ကသိုလ်
ဖွင့်လှစ်ထားပါတယ်
သင်တန်းများကို လေးလ တစ်ကြိမ်
စာမေးပွဲများ ကျင်းပပေးပြီး နှစ်နှစ်အတွင်း
အဘိဓမ္မဓရဘွဲ့ရရှိပါမယ်
အဝေးသင် သင်တန်းများလည်းတက်ရောက်နိုင်ပါတယ်
၃။ အဘိဓမ္မာ (၇) ကျမ်း သင်တန်းများကို
ရန်ကုန်မြို့  ဗဟန်းမြို့နယ်
အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးမှာ
ဖွင့်လှစ်ထားပါတယ်...
နှစ်သက်ရာ အဆင်ပြေရာ တက်ရောက်ခြင်း
ပြန်လည် ဖြန့်ဝေပေးခြင်းတို့ဖြင့်
သာသနာပြုကြပါစို့.....
*********************************************** သင်တန်းဘယ်ကစတက် ဘာတွေဖြေရတယ်ဆိုတာသိအောင်
အဘိဓမ္မာ (၇)ကျမ်း
၁။ ဓမ္မသင်္ဂဏီ (Classification of States)
၂။ ၀ိဘင်း (Book of Analysis)
၃။ ဓာတုကထာ (Book of Discourse on Elements)
၎။ ပုဂ္ဂလပညတ် (Book of Classification of Individuals)
၅။ ကထာဝတ္ထု (Book on Points of Controversy)
၆။ ယမိုက် (Book of Pairs)
၇။ ပဋ္ဌာန်း (Book of Conditional Relations)
အဆိုပါ (၇)ကျမ်းကို မသင်ကြားမီ သင်ကြားရာတွင် လွယ်ကူစေရန်အတွက် အရှင်အနုရုဒ္ဓါမထေရ် ရေးသားပြုစုခဲ့သည့် အဘိဓမ္မတ္ထသင်္ဂဟ (သဂြိုဟ်) ကို အရင်သင်ရပေသည်။ (သဂြိုဟ်သင်ကြားရင်း အဘိဓမ္မာကျမ်းများကို ပူးတွဲလေ့လာ နိုင်ပါသည်) လက်သန်းအရွယ်အစား ရှိသည့် ကျမ်းဖြစ်သည့်အတွက် လက်သန်း အဋ္ဌကထာဟု ခေါ်ဆိုကြလေသည်။ အဘိဓမ္မတ္ထသင်္ဂဟ (သဂြိုဟ်) အဓိပ္ပယ်မှာ အဘိဓမ္မာ၏ အနက်အဓိပ္ပယ်များကို အကျဉ်းချုံး၍ ယူရာကျမ်းဟု အဓိပ္ပယ်ရပါသည်။ သဂြိုဟ်ကျမ်းသည် အဘိဓမ္မာ(၇)ကျမ်းမှ မည်သည့် ကျမ်းကို ကောက်နှုတ်ထားသည်ဟု ပြောကြား၍ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် စိတ်ပိုင်းတစ်ခုသည်ပင် အဘိဓမ္မာ(၇)ကျမ်းမှ ကောက်နှုတ်ထားသည်ဟု ဆိုနိုင်သောကြောင့် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ဒီဇင်ဘာလတွင် သာသာနာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် အဘိဓမ္မာစာမေးပွဲများသည် သဂြိုဟ်ကျမ်း အခန်း(၉)ခန်းကို အပိုင်း(၃)ပိုင်းခွဲ၍ ဖြေဆိုနေကြခြင်း ဖြစ်ပါသည်။ အဆိုပါ အခန်း(၉)ခန်းမှာ စိတ်
(Consciousness) ၊ စေတသိက် (Mental Factors) ၊ ပကိဏ်း (Miscellaneous) ၊ ၀ီထိ (Mental Process) ၊ ၀ီထိမုတ် (Free of Mental Process) ၊ ရုပ် (Matter) ၊ သမုစ္စည်း (Categories) ၊ ပစ္စည်း (Conditionality) ၊ ကမ္မဋ္ဌာန်း (Meditation subjects) ဟူ၍ ဖြစ်ပါသည်။ အဘိဓမ္မာ စာဖြေသူများသည် ၀ီထိပိုင်းတွင် အခက်အခဲ ကြုံတွေ့ရလေ့ရှိပါသည်။ အဘိဓမ္မာ စာသင်သား လောကတွင် ၀ီကနဲနေ ထိတာပဲ ဟု ပြောစမှတ် ပြုကြပါသည်။
အဘိဓမ္မာကျမ်းများကို ဆက်လက် သင်ကြားရာတွင်မှု အထိုက်အလျောက် အခက်အခဲများရှိပေသည်။ စာသင်သားလောကတွင် "ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်း ကျမ်းလတ်ဓာတုကထာ" ဟု စာဖွဲ့ခဲ့ကြပါသည်။ ဆိုလိုသည်မှာ ကျမ်းကြီးတွင် ပဋ္ဌာန်းသည် ခက်၍ ကျမ်းလတ်တွင် ဓာတုကထာ ခက်သည်ဟုဆိုပါသည်။ သို့ရာတွင် အဘိဓမ္မာစာသင်သားတို့ အခက်အခဲ တွေ့နေကြသည်မှာ ယမိုက်ကျမ်းပင် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်သည် လွယ်ရာမှ ခက်ရာသို့ အစဉ်လိုက်ဟောတယ်လို့ အကြမ်းယူမည်ဆိုလျှင် ယမိုက်ကျမ်းသည် ဒုတိယ အခက်ခဲအနက်နဲဆုံးကျမ်း ဖြစ်ပေတော့မည်။ လယ်တီဆရာတော်ဘုရားကြီးက ပါဠိဒေ၀ီဟု ခေါ်ဝေါ်ခဲ့ရသည့် မစ္စစ်ရီးဒေးဗစ်သည် အဘိဓမ္မပိဋကကို လေ့လာဖူးလေသည်။ ပါဠိဒေ၀ီ အမျိုးသမီးသည် ယမိုက်၊ ပဋ္ဌာန်း ပါဠိတော်များသို့ ရောက်သောအခါ အဘိဓမ္မာ တောဂနိုင်ထဲတွင် မျက်စိလည်ခဲ့ရ ဖူးလေပီ။ ထို့ကြောင့် "ကျမ်းကြီးပဋ္ဌာန်း ကျမ်းငယ်ဆန်း ကျမ်းလတ်ဓာတုကထာ၊ အမည်မထွက် ကြားချောင်လျက် ပို၍ခက်တာ ယမိုက်ပါ" ဟု မှတ်သားရပြန်ပါသည်။
အဘိဓမ္မပိဋကတွင် ဓမ္မက္ခန္ဓာပေါင်း(၄၂၀၀၀) ပါဝင်၍ သုတ္တန်နှင့် ၀ိနည်းတို့တွင် (၂၁၀၀၀) စီပါဝင်ရာ အဘိဓမ္မာသည် သုတ္တန်တရားတော်ထက် ဓမ္မက္ခန္ဓာ အရေအတွက် အားဖြင့်လည်းကောင်း၊ ဟောကြားသော နည်းအရေအတွက် အားဖြင့်လည်းကောင်း ထူးခြားဆန်းကြယ်မှု၌ လည်းကောင်း သာလွန်ပါသည်။ဆရာကြီးဒေါက်တာမင်းတင်မွန် ရေးသားသည့် တက္ကသိုလ်အဘိဓမ္မာ စာအုပ်တွင် အဘိဓမ္မာလေ့လာသူတို့သည် ရုပ်နာမ်တို့ကို ပိုင်းခြား၍ သိလာ၍
ကာလအပိုင်းအခြားဖြင့် သက္ကာယဒိဋ္ဌိကိုပယ်ခွာထားသူများဟုပင် ရေးသားထားပေရာ အဘိဓမ္မာကို လေ့လာရင်း သာသနာတော်ကို အဓွန့်ရှည်စွာ တည်တံ့စေရန် ဆောင်ရွက်ကြပါဟု တိုက်တွန်းနှိုးဆော် လိုက်ရပေသည်။ (ရဲမင်းသူ)
(၁) သဂြိုဟ်ဖြေဆိုရန်- သာသနာရေးဝန်ကြီးဌာနမှ နှစ်စဉ်ဒီဇင်ဘာတွင်ကျင်းပ၊ သုံးပိုင်းလုံးဖြေဆိုလိုပါက ဖြေဆိုနိုင်၊ သို့မဟုတ် တစ်ပိုင်းစီ ဖြေဆိုနိုင်ပါသည်။ (အခြား သဂြိုဟ်စာမေးပွဲများလည်းရှိပါသေးသည်)
(၂) အဘိဓမ္မတက္ကသိုလ်- ဒီပလိုမာတန်းတွင် အဆင့်(၃)ခုသတ်မှတ်ထား၍ Level တစ်ခုအောင်မြင်တိုင်း Certificate ချီးမြှင့်ပါသည်။ Level-3 အောင်မြင်ပြီးပါက အဘိဓမ္မဓရဘွဲ့ (Superior Diploama in the Buddhist Abhidhamma) ချီးမြှင့်ပါသည်။ (သဂြိုဟ်နှင့် မာတိကာ၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ယမိုက်ကျမ်းတို့ကို တွဲဖက်သင်ကြားပေးပါသည်)
(၃) အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးမှ စာတော်ပြန်ပွဲ - နှစ်စဉ်(၉)လပိုင်းတွင်ကျင်းပ။ စာတော်ပြန်ပွဲအကြောင်းကို နှစ်ပတ်လည် မဂ္ဂဇင်းတွင် ဖော်ပြထားသည့်အတိုင်း အောက်တွင် ကူးယူဖော်ပြပေးလိုက်ပါသည်-
အာဂုံစာပြန်ပွဲတွင် တစ်ကြိမ်ပြန်ဆိုရန် ပါဠိတော် စာမျက်နှာ(၂၀)ခန့် (အကြမ်းအားဖြင့်) သတ်မှတ်ပေးထားပြီး စာပြန်ချိန် နာရီဝက်ခန့် (အကြမ်းအားဖြင့်) သတ်မှတ်ထားပါသည်။ အာဂုံပြန်ဆိုရသည့် ပါဠိတော် အနည်းအများအလိုက် ပြန်ဆိုရမည့် အကြိမ်အရေအတွက်ကိုလည်း ကျမ်းအလိုက်ကြိုတင်သတ်မှတ် ပေးထားပါသည်။ ကျမ်းသတ်မှတ်ချက်များမှာ သံဃာတော်များအတွက် အဘိဓမ္မာ(၇)ကျမ်း၊ ပါဠိတော်(၁၂)အုပ်၊ သီလရှင်များအတွက် ရှေ့အဘိဓမ္မာ(၆)ကျမ်းနှင့် ပဋ္ဌာန်းကုသလတိက်၊ လူပုဂ္ဂိုလ်များအတွက် မာတိကာ, ဓာတုကထာ, ယမိုက်(၁၀)ကျမ်းလုံးနှင့် ပဋ္ဌာန်းကုသလတိက်တို့ ဖြစ်ကြပြီး ထိုသတ်မှတ်ချက်ကို (၁၅)ပိုင်းစီ အသီးသီး ခွဲစိတ်ပေးထားလျက် မိမိတို့နှစ်သက်ရာ အပိုင်းကစ၍ မိမိတို့တက်နိုင်သလောက်
ပိုင်းခြားဖြေဆိုနိုင်ကြပါသည်။ (၅)ပိုင်းထိ အောင်မြင်ပါက (စူဠ) အငယ်တန်း၊ (၁၀)ပိုင်းထိ အောင်မြင်ပါက (မဇ္ဈိမ) အလတ်တန်း၊ (၁၅)ပိုင်းလုံး အောင်မြင်ပါက (မဟာ) အကြီးတန်း အောင်မြင်သူဟု သတ်မှတ်လျက်-
-သံဃာတော်များအတွက် "အာဘိ ဓမ္မိက အဂ္ဂ၀ိသာရဒ ဉာဏ"ဘွဲ့၊
-သီလရှင်များအတွက် "အာဘိဓမ္မိက၀ိပုလဉာဏိနီ" ဘွဲ့၊
-လူပုဂ္ဂိုလ်များအတွက် "အာဘိဓမ္မိကကလျာဏဉာဏဓဇ" ဘွဲ့များကို အတန်းလိုက် အသီးသီး အပ်နှင်းဆပ်ကပ်ချီးမြှင့်ပါသည်။
မြတ်စွာဘုရား ဟောကြားတော်မူသော မူရင်းတရားတော်များကို နာယူသင်ကြားရသဖြင့် သင်တန်းတက်နေစဉ်၌ တာဝတိ`ံသာနတ်ပြည်ဝယ် မိမိကိုယ်တိုင် နတ်အဖြစ် မြတ်စွာဘုရားကိုယ်တိုင် အဘိဓမ္မာတရား ဟောကြားနေသည်ကို နာကြားရဘိသကဲ့သို့ ခံစားရပြီး အပါယ်ဘေးမှ လွတ်ကင်းကာ ပညာပါရမီရင့်သန်၍ မဂ်ဖိုလ်နိဗ္ဗာန် ဧကန်ရတော့မည်ဟု ယုံကြည်စိတ်များ တဖွားဖွားဖြစ်ပေါ်ပါသည်။ စာပြန်ပွဲ ဖြေဆိုစဉ်၌လည်း စာစစ်ဆရာတော်ရှေ့တွင် မိမိကိုယ်တိုင် ဘုရားဟောပါဠိတော်ကို ရွတ်ဆိုပြန်ဆိုရခြင်းဖြစ်၍ မိမိကိုယ်တိုင် သာသနာအရှည်တည်တံ့ရေးအတွက် သံဂါယနာတင်ပွဲ ပါဝင်ဆင်နွှဲနေရဘိသကဲ့သို့ ခံစားရပြီး သန့်ရှင်းကြည်လင်သော မဟာကုသိုလ်များ တစ်ဖွားဖွား ဖြစ်ပေါ်ရပြန်ပါသည်။ ထို့ကြောင့် ဤအခွင့်အရေးများ ဤအရသာထူးများ ကိုယ်တိုင်ခံစားရရှိစေရန် သင်ယူအားထုတ်ကြပါရန် တိုက်တွန်းရပါသည်။ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ အလွန်မွန်မြတ်သော ဤလုပ်ငန်းစဉ်များ တစ်နှစ်ထက်တစ်နှစ် တိုးတက်စည်ပင်ပြီး နှစ်(၆၀)မှသည် နှစ်(၆၀၀)မက ဆက်လက်သယ်ပိုး ဆောင်ရွက်သွားနိုင်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။ (ဦးတင်ထွဋ်- အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ နှစ်၆၀ပြည့်အထိမ်းအမှတ်စာစောင်မှ)
သဂြိုဟ်လေ့လာရန် ဤစာအုပ်နှင့် အခွေများလေ့လာသင့်-
ဆရာတော်သီလာနန္ဒာဘိဝံသ http://dhammadownload.com/Dr-Silananda-Bhivamsa-abhidhammaInMyanmar.htm
တက္ကသိုလ်အဘိဓမ္မာ dhammadownload.com/File-Library/DrMehmTinMon/DrMehmTinMon-AhPhoTanSoneBaWaPyanaAbidhamma123.pdf
ဆရာမကြီးဒေါ်ခင်လှတင် http://dhammadownload.com/DhammaByuharDawKhinHlaTin-mp3.htm
ဦးဝါယာမသာရ http://dhammadownload.com/UWarYaMaTharRa-abhidhammaInMyanmar.htm
အဘိဓမ္မလက်ဆောင် dhammadownload.com/File-Library/for-PahtamagyiGrade-Students/AshinTilokaBhivamsa-Abhidhamma-LetSaung.pdf
credit to..မူရင်းရေသူ

Subscribe to:
Posts (Atom)