မာတိကာဆိုတာ?
အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးမှာ ဖြေဆိုရတဲ့ထဲက မာတိကာဆိုတာ ဘာကိုဖြေဆိုရတာလဲသိစေဖို့ပါ၊ အာဂုံဖြေဆိုသူ အများစု မာတိကာကို စဖြေဆိုလေ့ရှိကြပါတယ်။ မာတိကာဖြေဆိုမယ်ဆိုရင် ဓာတုကထာကျမ်း ပါဠိစာမျက်နှာ (၁၀၀)နဲ့ တွဲဖက်ဖြေဆိုသင့်တယ်လို့လည်း အကြံပြုအပ်ပါတယ်။
မြတ်စွာဘုရားရှင် လေးဆယ့်ငါးဝါပတ်လုံး နေရာဒေသအသီးသီးမှာ ဟောကြားခဲ့တဲ့ တရားဒေသနာတော်တွေကို အရှင်မဟာကဿပမထေရ် ဦးဆောင်သော ရဟန္တာမထေရ်ကြီးများက စုစည်းမှတ်တမ်းတင်ခဲ့ကြရာ ထိုတရားတော်များသည်
-၀ိမုတ္တိရသအားဖြင့် ၁ပါး
-ဓမ္မ၀ိနယအားဖြင့် ၂ပါး
-၀စနအားဖြင့် ၃ပါး
-ပိဋကတ်အားဖြင့် ၃ပါး
-နိကာယ်အားဖြင့် ၅ပါး
-အင်္ဂါအားဖြင့် ၉ပါး
-ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀ ဟူ၍ သတ်မှတ်နိုင်ပါသည်။ ပိဋကတ်သုံးပုံတွင်လည်း အဘိဓမ္မာ(၇)ကျမ်းရှိပါသည်။ ထိုကျမ်းများမှာ-
၁။ ဓမ္မသင်္ဂဏီ (Classification of States)
၂။ ၀ိဘင်း (Book of Analysis)
၃။ ဓာတုကထာ (Book of Discourse on Elements)
၎။ ပုဂ္ဂလပညတ် (Book of Classification of Individuals)
၅။ ကထာဝတ္ထု (Book on Points of Controversy)
၆။ ယမိုက် (Book of Pairs)
၇။ ပဋ္ဌာန်း (Book of Conditionl Relations) တို့ ဖြစ်ပါသည်။ ထိုခုနစ်ကျမ်းတို့တွင် ဓမ္မသင်္ဂဏီကျမ်းကို ရှေးဦးစွာ ဟောကြားတော်မူပါသည်။ သတ္တလည်းမဟုတ် ဇီဝလည်းမဟုတ်သော 'တရား' တို့ကို ရေတွက်၍ ပြသောကျမ်း ဖြစ်ပါသည်။ ထိုဓမ္မသင်္ဂဏီကျမ်းသည်လည်း-
(၁) စိတ္တုပ္ပါဒကဏ္ဍ (စိတ်၊ စေတသိက်တို့ကို ပြဆိုသောအပိုင်း)
(၂) ရူပကဏ္ဍ (ရုပ်တို့ကို ပြဆိုသောအပိုင်း)
(၃) နိက္ခေပကဏ္ဍ (တိက်၊ ဒုက်အားလုံးကို သိမ်းကျုံး၍ မကျဉ်းမကျယ်ပြဆိုသော အပိုင်း)
အဘယ်ကြောင့် တိက်၊ ဒုက် တို့ကို အကျယ်မပြဆိုသနည်း? ရှင်းဦးအံ့၊ နိက္ခပကဏ္ဍ ဟူသည် "ပယ်စွန့်ထားသောအပိုင်း' ဟု အဓိပ္ပယ်ရလေသည်။ အဘယ်ကို ပယ်သနည်း? အကျယ်ဟောကြားသောနည်းကို ပယ်စွန့်ခြင်း ဖြစ်လေသည်။ အကယ်၍ အကျယ်ဟောပါက ဓမ္မသင်္ဂဏီကျမ်းကြီး ပြီးဆုံးမည်မဟုတ်တော့ပါ။ ထို့ကြောင့်တည်း။
(၄) အဋ္ဌကထာကဏ္ဍ (သုတ္တန္တိကဒုက်တို့မှ တပါးကြွင်းသော တိက်ဒုက်တို့၏ အရကောက်ကို ပြဆိုသောအပိုင်း) ဟူ၍ လေးပါး အပြားရှိပါသည်။ ထိုလေးပါးတို့တွင် စိတ္တုပ္ပါဒကဏ္ဍကို ရှေးဦးစွာ ဟောတော်မူပါသည်။ ထိုစိတ္တုပ္ပါဒကဏ္ဍသည်လည်း-
(၁) မာတိကာ
(၂) ပဒဘာဇနီ အားဖြင့် နှစ်ပါးအပြားရှိပါသည်။ ထိုနှစ်ပါးတို့တွင် မာတိကာကို ရှေးဦးစွာ ဟောတော်မူပါသည်။ မာတိကာ(Content) ဆိုသည့်အတိုင်း တရားခေါင်းစဉ်များကို ဟောကြားထားခြင်း ဖြစ်ပါသည်။ မာတိကာကျမ်းသည် ဓမ္မသင်္ဂဏီကျမ်း၏ မာတိကာ ဖြစ်သကဲ့သို့ အဘိဓမ္မာ(၇)ကျမ်းလုံး၏ မာတိကာလည်း ဖြစ်ပါသည်။ ထိုမာတိကာသည်လည်း-
(၁) တိကမာတိကာ
(၂) ဒုကမာတိကာ ဟူ၍ှနှစ်ပါးအပြားရှိပါသည်။
တိက ဟူသည်မှာ ပရမတ္ထတရားလေးပါးကို သုံးစုပြု၍ ဟောရာဟောကြောင်း ဖြစ်သောကြောင့် တိက- 'တိက်' မည်ပါသည်။ ဥပမာ ပရမတ္ထတရားလေးပါးတို့ကို-
(၁) အပြစ်မရှိခြင်း ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာရှိသော ကုသိုလ်တရား (ကုသိုလ်စိတ်၂၁၊ စေတသိက်၃၈)
(၂) အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာရှိကုန်သော အကုသိုလ်တရား (အကုသိုလ်စိတ်၁၂၊ စေတသိက်၂၇)
(၃) ကုသိုလ်အကုသိုလ်တို့၏ အဖြစ်အားဖြင့် မဟောကြား၊ တပါးသောအဖြစ်အားဖြင့်ဟောကြားတော်မူသော အဗျာကတတရား (၀ိ၃၆၊ကြိ၂၀၊စေ၃၈၊ရုပ်၂၈၊နိဗ္ဗာန်) ဟူ၍ သုံးစုပြု၍ ဟောကြားခြင်း ဖြစ်ပါသည်။ ထိုကြောင့် တိက် တစ်တိက်တွင် အထက်ဖော်ပြပါအတိုင်း အပုဒ်သုံးပုဒ် (ပဒသုံးခု) ပါဝင်ပါသည်။ တိက်စုစုပေါင်း '၂၂'တိက် ဖြစ်ပါသည်။
ဒုက ဟူသည်မှာ ပရမတ္ထတရားလေးပါးကို နှစ်စုပြု၍ ဟောရာဟောကြောင်း ဖြစ်သောကြောင့် ဒုက-'ဒုက်' မည်ပါသည်။ ဥပမာ ပရမတ္ထတရားလေးပါးကို
(၁) ဟိတ်မည်သောတရား (ဟိတ်၆ပါး)
(၂) ဟိတ်မမည်သောတရား (စိတ်၈၉၊ ဟိတ်၆ကြဉ် စေ၄၆၊ ရုပ်၂၈၊ နိဗ္ဗာန်) ဟူ၍ နှစ်စုပြု၍ ဟောကြားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒုက် တစ်ဒုက်တွင် အပုဒ်နှစ်ပုဒ် (ပဒနှစ်ခု) ပါဝင်ပါသည်။ ဒုက်စုစုပေါင်း (၁၀၀)ဒုက်ဖြစ်ပါသည်။ ယခုဖော်ပြထားသည်မှာ ဘုရားရှင်ဟောကြားတော်မူသည့် ဒုက်ဖြစ်ပါသည်။ အရှင်သာရိပုတ္တရာ ဟောကြားတော်မူသည့် သုတ္တန္တိကဒုက် (၄၂)ဒုက်လည်း ရှိပါသေးသည်။ ထို (၄၂)ဒုက်ကိုလည်း အာဂုံ+ရေးဖြေ ထည့်သွင်း ဖြေဆိုရမည်ဖြစ်ပါသည်။ ဤကား အာဂုံဖြေဆိုလိုသော သူတို့အတွက် စာအနည်းဆုံး ဘာသာရပ် တစ်ခုကို ရှင်းပြထားခြင်း အကျဉ်းတည်း။
ရဲမင်းသူ
No comments:
Post a Comment