Sunday, December 3, 2017

စကြာဝဠာ

နေ-လ-ကမ္ဘာ-နတ္ခက်တာရာအစုံ တစ်စုံကို စင်္ကြာဝဠာတစ်ခု(သို့)
စူဠလောကဓာတ်တစ်ခုဟု သတ်မှတ်ပါသည်။

ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ် အတူတူတည် အတူတူပျက်ကြတဲ့ စင်္ကြာဝဠာအရေအတွက်ကား ကုဋေပေါင်း တစ်သိန်းတိတိရှိပါတယ်။ အဲဒီအတူတူဖြစ် အတူတူတည် အတူတူပျက်တဲ့ စင်္ကြာဝဠာ ကုဋေတစ်သိန်းကိုမဟာလောကဓါတ်တစ်ခုလို့ သတ်မှတ်ပါတယ်။

ကုဋေပေါင်းတစ်သိန်းရှိတဲ့ မဟာလောကဓါတ်ကြီးကို တစ်သောင်းအုပ်စုကလေးတွေ စုပြီးတော့ အုပ်စုထပ်ခွဲပါတယ်။ အဲဒီတစ်သောင်းအုပ်စုကလေးတွေကိုတော့မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။

မဇ္ဈိမလောကဓါတ်ကို စင်္ကြာဝဠာ(သို့)စူဠလောကဓါတ် တစ်သောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သောင်းထဲက တစ်ခုက လည်ရင်(သို့)တုန်လှုပ်ရင် တွဲဖက်ဖြစ်တဲ့ အခြားစင်္ကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကလဲ လိုက်ပြီးတော့ လည်(သို့)တုန်လှုပ်ပါတယ်။

(စူဠလောကဓါတ် ၁၀၀၀၀=မဇ္ဖိုမလောကဓါတ် ,
မဇ္စိုမလောကဓါတ်၁၀ ကုဋေ=မဟာလောကဓါတ်,
မဟာလောကဓါတ်=ဖြစ်တူတည်တူပျက်တူ စင်္ကြာဝဠာ)

ဦးဇင်းတို့ရဲ့ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင် အထံမှ နိယတဗျာဒိတ်တော် ခံယူပြီးတော့ ဘုရားဖြစ်ဖို့အတွက် ငါဘာတွေကို လုပ်ရမှာပါလဲလို့ ထိုင်ပြီးတော့ စဉ်းစားပါတယ်။

ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရမယ်လို့
(ဘယ်သူကမှ လာမပြောပဲနဲ့) မိမိဘာသာ သိမြင်သောအခါမှာ
ဦးဇင်းတို့ရဲ့ စင်္ကြာဝဠာဟာ အိုးထိန်းစက်ကဲ့သို့ လည်(သို့)တုန်လှုပ်ခဲ့ပါတယ်။

အဲဒီအခါမှာ ဦးဇင်းတို့ရဲ့ စင်္ကြာဝဠာနဲ့တွဲဘက်ဖြစ်တဲ့ စင်္ကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကပါ ဦးဇင်းတို့ရဲ့ စင်္ကြာဝဠာနဲ့အတူ လိုက်ပြီးတော့ လည်(သို့)တုန်လှုပ်ခဲ့ပါတယ်။ ဒါကို မဇ္ဈိမလောကဓါတ်တစ်ခုလုံး လည်(သို့)တုန်လှုပ်တယ်လို့ ခေါ်ပါတယ်။

ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်......
ဣမေ ဓမ္မေ သမ္မသတော-သဘာဝရသလက္ခဏေ

ဓမ္မတေဇေန ၀သုဓာ-ဒသ သဟဿီ ကမ္ပထ။

စလတိ ရ၀တိ ပထ၀ီ-ဥစ္ဆုယန္တံဝ ပီဠိတံ

တေလယန္တံ ယထာစက္ကံ-မေဒနီ သမ္ပကမ္ပထ။

လို့ ဗုဒ၀င်ပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။
(စာရှည်နေမှာမို့ ဂါထာနက်တွေကို မဖော်ပြတော့ပါဘူး။ လိုအပ်သူများ ဗုဒ၀င်ပါဠိတော်နိဿယမှာသာ ရှာကြည့်လိုက်ကြပါ)

ဒီလောက်ဆိုရင် မဟာလောကဓါတ်ဖွဲ့စည်းပုံရယ် မဇ္ဈိမလောကဓာတ်ဖွဲ့စည်းပုံရယ် စင်္ကြာဝဠာတွေရဲ့ သဘောတရားတွေရယ်ကို ဦးဇင်းတို့ရဲ့ စာဖတ်ပရိသတ်များ အနည်းအကျဉ်းလောက်တော့ နားလည်သွားပြီလို့ ယူဆပါတယ်။ ကဲ ရှေ့ဆက်ပြီးတော့ လေ့လာကြည့်ကြရအောင်ပါ။

အထက်မှာ မဟာလောကဓါတ်အကြောင်းကို ဦးဇင်း ရှင်းပြပေးခဲ့ပြီးပါပြီ။ အဲဒီ မဟာလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ မဇ္ဈိမလောကဓါတ်။ အဲဒီမဇ္ဈိမလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ စင်္ကြာဝဠာ(သို့)စူဠလောကဓါတ်။ အဲဒီစူဠလောကဓါတ်(စင်္ကြာဝူဠာ)ထဲမှာ အရှေ့ကျွန်း အနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းဆိုပြီးတော့ ကျွန်းကြီးလေးကျွန်းပြန်ခွဲပါတယ်။

အဲဒီကျွန်းကြီးလေးကျွန်းထဲက တောင်ကျွန်းမှာ မဇ္ဈိမဒေသအရပ်ဆိုတာရှိပါတယ်။ အဲဒီ မဇ္ဈိမအရပ်ဒေသမှာပဲ သဗညုဘုရားရှင်များ ပွင့်တော်မူကြပါတယ်။ အခြားသော နောက်ကျွန်း အရှေ့ကျွန်း မြောက်ကျွန်းများမှာ လုံးဝမပွင့်ကြပါဘူး။ ပစ္စေကဗုဒ္ဓါနှင့် စင်္ကြာဝတေးမင်းများလဲ တောင်ကျွန်းမှာပဲ ပေါ်ပေါက်ကြပါတယ်။ အနောက်ကျွန်း အရှေ့ကျွန်း မြောက်ကျွန်းများမှာ မပေါ်ပေါက်ကြပါဘူး။

အခြားသော စူဠလောကဓါတ်များမှာတော့ တောင်ကျွန်းမှာတောင်မှ သဗ္ဗညုဘုရားရှင်၊ ပစ္စေကဗုဒ္ဓါ၊ လူအရိယာများ မရှိကြပါဘူး။ မပွင့်ကြပါဘူး။ စကြာဝတေးမင်းနှင့် နတ်ဗြဟ္မာအရိယာ များသာရှိကြပါတယ်၊၊

သေချာနားလည်အောင် နောက်တစ်ခေါက်ထပ်ပြောပါမယ်။

မဟာလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာဖြစ်တဲ့ မဇ္ဈိမလောကဓါတ်၊ အဲဒီမဇ္ဈိမလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာဖြစ်တဲ့ စင်္ကြာဝဠာ(သို့)စူဠလောကဓါတ်၊ အဲဒိ စင်္ကြာဝဠာ(သို့)စူဠလောကဓါတ်မှာရှိတဲ့ ကျွန်းကြီးလေးကျွန်းထဲက တောင်ကျွန်းမှာပဲ သဗ္ဗညုဘုရား၇ှင်များ ပွင့်တော်မူကြပါတယ်။

မဟာလောကဓါတ်ကြီးထဲက သဗ္ဗညုဘုရားရှင် ပွင့်တော်မူတဲ့ စင်္ကြာဝဠာ(သို့)စူဠလောကဓါတ်တစ်ခုကို ဖယ်ထားလိုက်ရင် အခြား စင်္ကြာဝဠာ(သို့)စူဠလောကဓါတ်ပေါင်း ကုဋေကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးကုဋေကျန်ပါသေးတယ်။

အဲဒီကျန်တဲ့ စင်္ကြာဝဠာ(သို့) စူဠလောကဓါတ်တိုင်းမှာ သုံးဆယ့်တစ်ဘုံရှိကြပါတယ်။ သုံးဆယ့်တစ်ဘုံ ဖွဲ့စည်းတည်ဆောက်ပုံကတော့ ဦးဇင်းတို့ရဲ့ စင်္ကြာဝဠာ(သို့)စူဠလောကဓါတ်နဲ့ အတူတူပါပဲ။

ကွာခြားသွားတာက ဦးဇင်းတို့ရဲ့ စင်္ကြာဝဠာ(သို့)စူဠလောကဓါတ်မှအပ ကျန်တဲ့ စင်္ကြာဝဠာ(သို့) စူဠလောကဓါတ် ကုဋေပေါင်း ကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးကုဋေမှာ သဗ္ဗညုဘုရားရှင် လုံးဝလုံးဝ မပွင့်ပါဘူး။ ဒါက ပဌမကွာခြားချက်တစ်ခုပါ။

ဒုတိယကွားခြားချက်ကတော့ ဦးဇင်းတို့ရဲ့ စင်္ကြာဝဠာ(သို့)စူဠလောကဓါတ်မှအပ ကျန်တဲ့ ကုဋေပေါင်း ကိုးသောင်း ကိုးထောင့် ကိုးရာ ကိုးဆယ့် ကိုးကုဋေသော စင်္ကြာဝဠာ(သို့)စူဠလောကဓါတ်များမှာ လူအရိယာ ရဟန်းအရိယာ ပစ္စေကဗုဒ္ဓါများလည်း လုံးဝ(လုံးဝ)မရှိပါဘူး။

နတ်အ၇ိယာ ဗြဟ္မာအ၇ိယာနဲ့ စင်္ကြာဝတေးမင်းများကတော့ အခြားသော စင်္ကြာဝဠာ(သို့)စူဠလောက်ဓါတ်တိုင်းမှာ ရှိကြပါတယ်။

နတ်အရိယာ ဗြဟ္မာအရိယာများကြတော့ ရှိနေပြီးတော့ ဘာဖြစ်လို့ လူအရိယာ ရဟန်းအရိယာ ပစ္စေကဗုဒ္ဓါများကြတော့ မရှိရတာလဲလို့ မေးစရာဖြစ်လာပါတယ်။

လူအရိယာ ရဟန်းအရိယာမရှိတာက သူတို့ဆီမှာ သဗ္ဗညုဘုရားရှင်များ မပွင့်ကြလို့ပါ။ ပစ္စေကဗုဒ္ဓါများ မရှိကြတာကတော့ ပစ္စေကဗုဒ္ဓါများဟာ သာသနာပများဖြစ်ကြသော်လဲ အလေ့အလာ ထုံးတမ်းစဉ်လာအားဖြင့် သဗ္ဗညုဘုရားမပွင့်တဲ့ စင်္ကြာဝဠာများမှာ ပစ္စေကဗုဒ္ဓါများလဲ မပွင့်ကြလို့ မရှိကြတာပါ။

နတ်အရိယာ ဗြဟ္မာအရိယာများရှိကြတာကတော့ နတ်တွေ ဗြဟ္မာတွေဟာ သူတို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ဘုရားပွင့်တဲ့ စင်္ကြာဝဠာ(သို့)စူဠလောကဓါတ်များကို တရားနာလာကြပါတယ်။ ပြီးတော့ အရိယာဖြစ်ကြပါတယ်။ ဗုဒ္ဓစာပေကျမ်းဂန် အနှံ့အပြားမှာ ဘုရားရှင်ရဲ့ တရားပွဲတွေမှာ စင်္ကြာဝဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာတွေ တရားနာလာကြတယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။

ဒါကို ကြည့်ရင် အခြားစင်္ကြာဝဠာက လူတွေလဲ ဘုရားမပွင့်ပေမယ့် ကျွတ်တန်းဝင်နိုင်ကြပါတယ်။ စင်္ကြာဝတေးမင်းရှိတယ်။ သူက တရားသဖြင့် ဆုံးမအုပ်ချုပ်မယ်။ လူတွေဟာ စင်္ကြာဝတေးမင်းရဲ့ အဆုံးအမကို လိုက်နာပြီးတော့ သီလတွေထိန်းသိမ်းကြမယ်။ ဒါနေတွေပြုကြမယ်။ သမထတွေပွားများကြမယ်။ ပြီးတော့ နတ်ပြည် ဗြဟ္မာ့ပြည်တွေကို ရောက်မယ်။ ပြီးတော့ အဲဒီနတ်တွေ ဗြဟ္မာတွေဟာ ဘုရားရှင်ရှိရာကို လာပြီးတော့ တရားနာကြမယ်။ ကျွတ်တန်းဝင်ကြတယ်။ ဒီသဘောပါပဲ။

မေးထားတဲ့ မေးခွန်းကို အခုဖြေပါတော့မယ်...

အထက်မှာ ပြောခဲ့တဲ့ အကြောင်းတရားတွေကို ထောက်ရှု့ပြီးတော့ အခြားသောစင်္ကြာဝဠာ(သို့)စူဠလောကဓါတ်များလဲ လူသားများ ဧကန်ရှိကြတယ်လို့ သိမှတ်ထားရပါမယ်။

မေးခွန်းရဲ့ အဖြေက ဒီလောက်ဆိုရင် လုံလောက်ပြီလို့ ဦးဇင်းယူဆပါတယ်။ သို့သော်လဲ စကားစပ်တုန်းလေး ဗဟုသုတရအောင် ပြောစရာလေးပေါ်လာလို့ ဆက်ပြောပါဦးမယ်။

ရတနသုတ်တော် ခန္ဒသုတ်တော် မောရသုတ်တော် ဓဇဂသုတ်တော် အာဋာနာရိယသုတ်တော်များရဲ့ အာဏာတော်ဟာ စင်္ကြာဝဠာ(သို့)စူဠလောကဓါတ်ပေါင်း ကုဋေတစ်သိန်းနဲ့ ဖွဲ့စည်းထားတဲ့ မဟာလောကဓါတ်ကြီး တစ်ခုလုံးကို ပျံ့နှံ့တည်တံ့ပါတယ်။

နောက်တစ်ခုက အထက်မှာ ပြောခဲ့တဲ့ မဟာလောကဓာတ်လိုမျိုး မဟာလောကဓါတ်တွေ အများကြီးပဲရှိပါတယ်။ အဲဒီ အကုန်လုံးသော မဟာလောကဓါတ်တွေကိုတော့ အနန္တလောကဓါတ်လို့ ခေါ်ဆိုပါတယ်။

မဟာလောကဓါတ်တစ်ခုတိုင်း တစ်ခုတိုင်းမှာ သဗ္ဓညုဘုရားရှင် ကိုယ်စီကိုယ်စီ ပွင့်ကြပါတယ်။

မိုးသု(မန္တလေး)

ကျမ်းကိုး---
၁၊၊ ဗုဒ္ဒ၀ံသ ပါဠိတော်
၂။ ဗုဒ္ဒ၀ံသ အဋ္ဌကထာ
၃၊၊သုတ္တနိပါတ ပါဠိတော်
၎၊၊ သုတ္တနိပါတ အဌကထာ
၅၊၊ အင်္ဂုတ္တရပါဠိတော်
၆။။ အင်္ဂုတ္တရ အဌကထာ
၇၊၊အဘိဓမ္မာပါဠိတော်များ( ၇ ကျမ်း)
၈၊၊အဘိဓမ္မာ အဌကထာများ(၇ ကျမ်း)
၉၊၊ဇိနာလင်္ကာရဋီကာ
၁၀၊၊မဟာဝင်စတဲ့ ၀င်ကိုးဝင်ဝတ္ထုတော်များ(သာသနာရေးဦးစီးဌာနထုတ်)
၁၁၊၊ပရမတ္ထသရူပဘေဒနီကျမ်း(မဟာဝိသုဒ္ဓါရုံဆရာတော်)
၁၂၊၊သဂြိင်္ုဟ်ဘာသာဋီကာကျမ်း(အရှင်ဇနကာဘိဝံသ)
၁၃၊၊ကိုယ်ကျင့်အဘိဓမ္မာကျမ်း(အရှင်ဇနကာဘိဝံသ)
၁၄။။ပဏ္ဍိတဝေဒနီယဒီပနီကျမ်း(သေက္ချတောင် အရှင်တိလောက)
၁၅၊နိုင်ငံတော်ဗုဒ္ဓသာသနမဟာဗုဒ္ဓ၀င်ကျမ်း(မင်းကွန်းတိပိဋကဆရာတော်) (၆ တွဲ- ၈ အုပ်)
၁၆၊၊မူလမဟာဗုဒ္ဓ၀င်ကျမ်း(ပဌမငါးခုန်ဆရာတော်)
၁၈၊၊လယ်တီဆရာတော်ဘုရားကြီးရဲ့ အဘိဓမ္မာဒီပနီကျမ်းများနှင့် အခြားသော ပညာရှင်များရဲ့ အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်များ။(ကျမ်း ၃၀ ခန့် )

No comments:

Post a Comment