Thursday, July 26, 2018

"သတ္တိရှိရင် သင်ကြည့်စမ်းပါ''

(အဘိဓမ္မာ သင်ယူလိုသူများအတွက်)

==========

အဘိဓမ္မာသင်ယူရဖို့ဆိုတာ မလွယ်ကူကြောင်း၊ အလွန် တိုက်ဆိုင်လွန်း ကံကောင်းလွန်းလို့သာ သင်ယူခွင့်ရခြင်းဖြစ်ကြောင်း မကြာခဏ ကျွန်တော်ပြောလေ့ရှိပါတယ်။



အဲဒီpostလေးများကြောင့် အဘိဓမ္မာ ဘယ်ကဘယ်လို သင်ယူရမလဲ ဆိုတာကို chatboxတို့ commentတို့ကနေ စိတ်ဝင်တစား မေးမြန်းစုံစမ်းလာကြတာ ဝမ်းမြောက်ဖွယ် တွေ့ရပါတယ်။



သို့သော်... ဓမ္မမိတ်ဆွေအသစ်များအနေနဲ့ သင်မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် သတ္တိရှိဖို့ လိုအပ်ကြောင်း အလေးအနက် ပြောချင်ပါတယ်။

=======

ဒီလိုဆို....

"သတ္တိရှိဖို့လိုတယ်''ဆိုတာ ဘာကို ပြောတာပါလိမ့်လို့ သိချင်ကြမယ် ထင်ပါတယ်။



၁။ ကိုယ်ပိုင်အချိန်တွေကို ပေးဆပ်ဖို့ သတ္တိရှိလား?

အဘိဓမ္မာသင်ပြီဆိုရင် ကိုယ်ပိုင်အားလပ်ချိန်တွေ ရင်းနှီးရတော့မှာ သေချာပါပြီ။ သင်တန်းချိန်ဟာ တစ်နာရီပဲ ရှိတယ်ဆိုရင်တောင် သင်တန်းနဲ့အိမ် အိမ်နဲ့သင်တန်းကြားက အချိန်တွေ၊ သွားဖို့လာဖို့ ပြင်ဆင်ရချိန်၊ အိမ်ရောက်လို့ စာပြန်ကြည့်ရတဲ့ အချိန်တွေ ပေါင်းလိုက်ရင် ကိုယ်ပိုင်အားလပ်ချိန်တွေ ထိခိုက်တော့မှာ ဖြစ်ပါတယ်။



၂။ စီပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်... အထိအခိုက်လေးတွေ ကြုံရရင်ရော သတ္တိရှိပါမလား။ သင်ပြီဟေ့ဆိုရင်တော့ သင်တန်းချိန်/ စာကြည့်ချိန်/ စာမေးပွဲ စ,တာတွေနဲ့ တိုက်ဆိုင်နေလို့ အချို့သော စီးပွားရေးကိစ္စတွေ လျစ်လျူရှုရနိုင်တယ်၊ လူမှုရေးပျက်ကွက်မှုတွေ ရှိလာနိုင်တယ်၊ အလုပ်အကိုင်လည်း တစ်ခါတစ်လေ ပစ်ထားခဲ့ရတာမျိုး ကြုံရနိုင်တယ်။



၃။ အဘိဓမ္မာမိသားစုထဲကနေ ပြန်မထွက်ဖို့ သတ္တိရှိရဲ့လား?

တစ်ခုသင်ပြီးသွားလို့ ငါတော့ ဒီလောက်နဲ့ တော်ပါပြီလို့ မထင်ပါနဲ့။ တစ်ခါပဲ ကိုယ်စိတ်နစ်ပြီး သင်ကြည့်လိုက်ပါ။ အဘိဓမ္မာ ဥယျာဉ်ကြီးထဲ ရောက်လာတဲ့အခါ ဘယ်တုန်းကမှ မရဖူးရဲ့ ဓမ္မရနံ့တွေနဲ့ သင်ဟာ လှည့်ပြန်ချင်တော့မှာ မဟုတ်တော့ပါဘူး။ အဘိဓမ္မာသင်္ဂြိုဟ်ပြီးရင် ဂုဏ်ထူးဆောင် အဘိဓမ္မာကို သင်ချင်လာလိမ့်မယ်။ နောင်ကျရင် အဘိဓမ္မာမှ မဟုတ်တော့ဘူး ဘုရားဟောသမျှ သုတ္တန် ဝိနည်း အကုန်သိချင်လာလိမ့်မယ်။ ဝိသုဒ္ဓိမဂ်ကို ဖြေချင်လာလိမ့်မယ်၊ အာဂုံစာမေးပွဲတွေ ဖြေချင်လာလိမ့်မယ်၊ အစိုးရ ငယ်/လတ်/ကြီးတွေ သံယုတ်စာမေးပွဲတွေ အဘိဓမ္မာတက္ကသိုလ်တွေ တက်ချင်လာပါလိမ့်မယ်။ အဘိဓမ္မာကျောင်းသားအဖြစ်ရော အဘိဓမ္မာဆရာ အဖြစ်ရော အသက်ထက်ဆုံး နေထိုင်သွားလိုစိတ်တွေ ပေါ်လာနိုင်ပါတယ်။ ကုန်ကုန်ပြောရရင် အဘိဓမ္မာမိသားစုထဲမှာ သင်ဟာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပတ်သက်နေမိတော့မှာ ဖြစ်ပါတယ်။



၄။ လူပျိုကြီး/အပျိုကြီး ဖြစ်ခဲ့မယ်ဆိုရင်ရော လုပ်နိုင်မလား?? (လူပျို/အပျိုများအတွက်သာ)

အဘိဓမ္မာကို သင်ပြီးတဲ့အခါ အကောင်းအဆိုးဆိုတာ ဘာတွေလဲလို့ ကိုယ်တိုင် နားလည်လာလိမ့်မယ်။ သင်ယူရတဲ့ ကုသိုလ်ကြောင့် မကောင်းတဲ့သူတွေဟာ ကိုယ့်နားကနေ တဖြည်းဖြည်း ဖဲသွားကြလိမ့်မယ်။ မိန်းကလေးများကိုလည်း တော်ရုံယောက်ျားများ မကပ်တော့သလို၊ ယောက်ျားများကိုလည်း ဤအတူ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း စဉ်းစားတတ်ပြီ၊ ကုသိုလ်ကံကြောင့် ကိုယ့်ဆီရောက်လာမဲ့ သူဟာလည်း နည်းသွားပြီမို့ လူပျို/အပျိုဖြစ်ဖို့ ရာခိုင်နှုန်းဟာ မသင်ရမီထက်တော့ ပိုသွားပြီလို့ ပြောရပါလိမ့်မယ်။ အကယ်၍ အိမ်ထောင်ကျခဲ့ရင်လည်း လူကောင်းသူကောင်းနဲ့သာ ဆုံရဖို့ရာခိုင်နှုန်း များသွားခဲ့ပြီဖြစ်ပါတယ်။



၅။ ''ပိုက်ဆံမရတဲ့ အလုပ်တွေလုပ်တယ်''၊ ''တရားလုပ်ချင်ရင် ဘုန်းကြီးဝတ်''၊ ''အလကားပါကွာ'' စသဖြင့် အမနာပတွေ ပြောခံရရင်ကော ခံနိုင်မလား။



စသဖြင့်....စသဖြင့်.....



ဒါ အကျဉ်းမျှ ၃/၄ချက်လောက် ဖော်ပြတာ ဖြစ်ပါတယ်။ အခြားအခက်အခဲ အနှောင့်အယှက်တွေလည်း ခေါင်းစဉ် အမျိုးမျိုးနဲ့ တွေ့ရနိုင်သေးတယ်နော်။

အဲဒီအချိန် သတ္တိရှိရှိနဲ့ ရင်ဆိုင်နိုင်ပါ့မလား??

======



ဒီစာလေးဟာ သင်မဲ့သူတွေကို ခြောက်လှန့်တာ မဟုတ်ပါဘူး။ ဘာလို့ သတ္တိမရှိရမှာလဲဆိုတဲ့ မခံချင်စိတ် ဖြစ်စေလိုရင်းပါ။ သင်ယူနေရင်း နောင်မှာ အခက်အခဲ အကြပ်အတည်းတွေ ရှိလာရင်လည်း ပိုပြီး ကြံ့ခိုင်စေချင်တာပါ။ အစကတည်းက မောင်းတင်ထားစေချင်တာပါ။ များမြှောင်လှတဲ့ အရည်မရအဖတ်မရ အလုပ်တွေကြား ဒါလောက်ကလေးလုပ်ဖို့ကို သတ္တိရှိစေချင်တာပါ။



( နောက်တစ်ခုကလည်း....

သင်ကြား/သင်ယူနေကြတဲ့ အဘိဓမ္မာ ဆရာ/တပည့်တွေရဲ့သတ္တိကို ဒီစာနဲ့ ဂုဏ်ယူချီးကျူးတာပါလို့ မှတ်ယူစေချင်ပါတယ်။ )



ကဲ... မိတ်ဆွေများ.... ဘယ်လိုလဲ? သတ္တိရှိရဲ့လား? သတ္တိရှိရင် သင်ကြည့်လိုက်စမ်းပါ။ ကျွန်တော်ပြောခဲ့တာတွေ အကုန်မဟုတ်ရင်တောင် အများစုတော့ ကိုယ်တိုင်ကြုံရပါလိမ့်မယ်။

အဘိဓမ္မာသင်ဖို့ အသက်အရွယ်၊ လူမျိုးဘာသာ၊ ပညာအရည်အချင်း ဘာဆိုဘာမှ ကန့်သတ်မထားဘူး။

သတ္တိတစ်ခုပဲလိုတယ်နော်၊ သတ္တိတစ်ခုပဲ 💪



မေတ္တာဖြင့်...

Mg Saw(16-12-2017)



  #Copy ယူထားတာ​လေးပါရှင်​:-) :-) :-)

https://drive.google.com/file/d/1HqnRdfbJ1bhvSMaLVqgZ2Klzp0LcwzEG/view?usp=drivesdk

No comments:

Post a Comment