ကာဠီအမျိုးသမီး ဝတ္ထု
ဓမ္မစကြာဒေသနာတော်ကိုဟောတော်မူတဲ့ ဝါဆိုလပြည့်ညဥ့်အခါမှာ ရာဇဂြိုဟ်နေပြည်တော်ကြီးတွင် ပြုဗ္ဗာသဠ်နက္ခတ်ပွဲသဘင်ကို ဆင်ယင်ကျင်းပကြသဖြင့် ရာဇဂြိုဟ်တစ်ပြည်လုံးဟာ နတ်ပြည်ကဲ့သို့ သာယာတယ်။ လမ်းတိုင်းလမ်းတိုင်း ထွန်းညှိသောမီးရောင်တို့ဖြင့် တပြောင်ပြောင် ထိန်လင်းနေသတဲ့။ သည်အခါ ကာဠီဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်အရင့်အမာရတဲ့အတွက် အခြားသူများလို မြို့တွင်းသို့လှည့်လည်ကာပျော်ရွှင်ခြင်း မပြုနိုင်လေတော့ မိမိနေထိုင်တဲ့ ပြာသာဒ်၏ အထက်ဆင့်သို့ တက်ပြီးလေညှင်းခံရင်း အလွန်သာယာတဲ့ မြို့တော်ကြီးကို ရှုမျှော်၍နေတယ်။
ကံအားလျော်စွာ ဘယ်လိုအချက်ကောင်းနဲ့တွေ့ကြုံသလဲဆိုတော့ သည်လိုရှုမျှော်နေတဲ့အခိုက်မှာ သာတာဂီရိနှင့်ဟေမဝတတို့နတ်ဘီလူးကြီးများက မိမိဦးခေါင်းပေါ် တည့်တည့်ဖြစ်တဲ့ကောင်းကင်ယံမှာ အချင်းချင်းတွေ့ဆုံကာ ဘုရားမှန် ဘုရားစစ်ဖြစ်ကြောင်းကိုမေးလားဖြေလားနှင့် ကြုံကြိုက်ပါရော။ ဘယ်လိုအကြောင်းကြောင့်လဲဆိုတော့ နတ်ဘီလူးကြီးများဟာ အလွန်ချစ်ခင်တဲ့ မိတ်ဆွေတွေဖြစ်တာကြောင့် တစ်စုံတစ်ရာ ထူးထွေသောအရေးကိစ္စများ ဖြစ်ပေါ်လို့လာပါလျှင် သတိရစွာဖိတ်ကြားကြပါလို့ အချင်းချင်း ကတိကဝတ်ကို ထား၍ ဆက်ဆံလာခဲ့တဲ့အတွက်ကြောင့် သာတာဂီရိနတ်ဘီလူးက ဓမ္မစကြာတရားတော်ကို နာကြားရပြီး ငါ၏မိတ်ဆွေကြီးနှင့် ကတိကဝတ်ရှိသည့်အတိုင်းလောကသုံးပါး၌ ဘုရားရှင်ပွင့်တော်မူကြောင်းများကိုပြောကြားရန်ထွက်အလာ၊ဟေမဝတနတ်ဘီလူးကလည်း ထူးဆန်းစွာပဲ ဟိမဝန္တာမှာ ပန်းမျိုးစုံတို့ ပွင့်ဖူးလာကြပြီး အရောင်အဝါတွေ ထင်ရှားစွာဖြစ်ပေါ်လာတဲ့အတွက် သာတာဂီရိနတ်ဘီလူးအားပြောကြားရန် ထွက်အလာ ရာဇဂြိုဟ်ပြည်ရဲ့ကောင်းကင်ယံမှာ အချင်းချင်းတွေ့ဆုံကြပါရော။
၊ကောင်းကင်ယံက နတ်ဘီလူးကြီးတို့၏ အသံများကိုလည်း ကာဠီအမျိုးသမီးက ကြားရသတဲ့။ဟေမာဝတနှင့် သာတာဂီရိတို့၏မေးသံဖြေသံများကို ကြားတော့ သဒ္ဓါတရားအလိုလိုပေါ်ပေါက်ပြီး ဪ...လောကမှာ ဘုရားရှင်ပွင့်တော်မူလာပြီးဆိုပါကလား။ သို့ကလို့ ကြည်ညိုခြင်းကို အရင်းပြုကာ ဗုဒ္ဓါနုဿ တိဘာဝနာကို ပွားများသတဲ့။
၊ရှေးရှေးအခါက ပါရမီဥာဏ်ရင့်သန်ပြီးတဲ့ အမျိုးသမီးတစ်ဦးဖြစ်နေတဲ့အတွက်တောက်ချင်ရက်ရက်ဖြစ်နေတဲ့ မီးကိုလေအရှိန်ကူပေးလိုက်တော့ ဟုန်းခနဲထတောက်တာလို ဗုဒ္ဓါနုဿ တိဘာဝနာကို အရင်းခံပြုပြီး ထို့နောက်တစ်ဖန် ဝိပဿ နာဥာဏ်သို့ဆိုက်ရောက်၍လေညှင်းခံရင်း မပင်မပန်း ချမ်းချမ်းသာသာသောတာပန်အဖြစ်သို့ရောက်သွားပါတယ်။
အလွန်အံ့ဖွယ်ကောင်းတဲ့ အမျိုးသမီးလေးပါပဲ။ ဘုရားရှင်ထံသို့သွားပြီး တရားလဲမနာရဘဲနှင့် စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲဆိုသလို တစ်ဆင့်စကားကြားရုံမျှနှင့် လွယ်လင့်တကူသောတာပန်ဆိုတဲ့ အမြိုက်ပန်းကို ဆွတ်လှမ်းလို့ ယူနိုင်ပေတယ်။ ယခုဘုရားရှင်သာသနာတော်မှာရှေးဦးစွာသောတာပန်တည်တဲ့ အမျိုးသမီးဟာ ဘယ်သူလဲလို့မေးလျှင် ကာဠီအမျိုးသမီးပဲလို့သာ ရဲရဲတင်းတင်းကြီးဖြေလိုက်ကြပေတော့။
အဲသို့ကလို့ ထူးခြားတဲ့သူဖြစ်တဲ့အတွက် ရှင်တော်ဘုရားက ... တစ်ဆင့်ကြားနှင့် ကြည်ညို၍ ကျွတ်တမ်းဝင်သောသူတို့တွင် သမီးတော်ကာဠီဟာ အထွဋ်မြတ်ဆုံးဖြစ်တယ်...လို့ ဧတဒဂ်ထားတော်မူပေသတည်း။
မှတ်ချက်။ ။ ဤဝတ္ထုကို ဓမ္မစကြာသုတ္တန်နှင့် စပ်လျဉ်းသောကြောင့် အင်္ဂုတ္တိုရ်အဋ္ဌကထာမှ ထုတ်နုတ်၍ အချုပ်အားဖြင့်ဖော်ပြလိုက်ပါသည်။
ကာဠီအမျိုးသမီးဝတ္ထု ပြီး၏။
No comments:
Post a Comment