(တာလပုဋသုတ် - ဂါမဏိသံယုတ်)
အခါတစ်ပါး၌ ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍မွေးရာဖြင့်သောဝေဠုဝန်ကျောင်း၌နေတော်မူသည်။ ထိုအခါ တာလပုဋဇာတ်ဆရာကြီးသည် ဘုရားရှင်ထံ ချဉ်းကပ်ရှိခိုး၍လျှောက်လေ၏။
မြတ်စွာဘုရား ပွဲလယ်သဘင်အလယ်၌ မှန်-မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသော ကချေသည်သေသော် ပဟာသနတ်ဖြစ်၏ဟုပြောဆိုကြကုန်သောရှေးဆရာ့ဆရာ ကချေသည်တို့၏ စကားကို ကြားဖူးရပါ၏။ ဤအရာကို မြတ်စွာဘုရားသည် အဘယ်ဟုဆိုလိုတော်မူပါသနည်း'
တာလပုဋဇာတ်ဆရာကြီးသည် သာမညမဟုတ်။ အဆင်းလည်း ထန်းသီးမှည့်ကဲ့သို့ လှ၏။ ထို့ကြောင့် တာလပုဋဟုခေါ်ကြသည်။ ပါရမီပြည့်စုံပြီးသား ပစ္ဆိမဘဝိကပုဂ္ဂိုလ် ဖြစ်၏။ ဇမ္ဗူဒိပ်တွင်ကျော်ကြား၏။ လှည်းငါးရာ၊ မာတုကာမငါးရာ အခြံအရံရှိ၏။ ဇနီးတွင်လည်း နည်းတူရှိ၏။ ဥာဏ်ရင့်ကျက်၍ ဘုရားရှင်ထံရောက်လာခြင်း ဖြစ်၏။
'ဂါမဏိ မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်'
တာလပုဋဇာတ်ဆရာကြီးသည် နှစ်ကြိမ်မြောက်မေးပြန်၏။ ဘုရားရှင်သည် တား၏။ သုံးကြိမ်မြောက်မေးပြန်၏။ ထိုအခါ ဘုရားရှင်ကဖြေ၏။
'ဂါမဏိရှေးအစကပင် သတ္တဝါတို့သည် မကင်းသော စွဲလမ်းမှုရာဂ၊ မကင်းသော အမျက်ဒေါသ၊ မကင်းသောတွေဝေမှုမောဟ ရှိကုန်၏။ ရာဂ၊ဒေါသ၊မောဟ နှောင်ကြိုးတို့ဖြင့် ဖွဲ့အုပ်ကုန်၏။ ထိုသူတို့အား ကချေသည်သည် ပွဲအလယ် သဘင်အလယ်၌ ရာဂ၊ဒေါသ၊မောဟ ဖြစ်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန်ရှေးရှုဆောင်၏။ ထိုကချေသည်သည် မိမိကိုယ်တိုင် ယစ်မူးမေ့လျော့လျက် သူတစ်ပါးတို့ကို ယစ်မူးမေ့လျော့စေရကားသေသော် ပဟာသငရဲသို့ရောက်၏။'
'ပွဲအလယ် သဘင်အလယ်၌ မှန်-မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသော ကချေသည်သေသော် ပဟာသနတ်ဖြစ်၏ဟု ထိုသူအား အယူဖြစ်ခဲ့မူ ထိုသူ၏ အယူသည် မှားသော အယူသာဖြစ်၏။ ဂါမဏိ မှားသောအယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲနှင့် တိရစ္ဆာန်ဟူသော လားရာဂတိနှစ်ပါးတွင် တစ်ပါးပါးသော လားရာဂတိကို ငါဟော၏။'
တာလပုဋဇာတ်ဆရာကြီးသည် ငိုလေ၏။ မျက်ရည်ကျလေ၏။ စိတ်အတော် မချမ်းမသာ ဖြစ်သွား၏။
'ဂါမဏိ မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်ဟု သင့်ကို ငါတားသည် မရ၊ သင်မေး၍ ငါဖြေရသည်'
မြတ်စွာဘုရား ဤသို့ဖြေ၍ ငိုသည်မဟုတ်ပါ။ စင်စစ်သော် ကချေသည်သည်သေသော် ပဟာသနတ်ဖြစ်၏ဟုရှေးဆရာ့ဆရာ ကချေသည်တို့သည် တပည့်တော်ကို အချိန်ကြာမြင့်စွာကပင်ကောက်ကျစ်လှည့်ပတ် ဖြားယောင်းအပ်ပါ၏။
မြတ်စွာဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ တပည့်တော်သည် ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရား တပည့်တော်သည် မြတ်စွာဘုရား၏ အထံတော်၌ ရှင်ရဟန်းအဖြစ်ကို ရလိုပါ၏။'
တာလပုဋဇာတ်ဆရာကြီးသည် ဘုရားရှင်ထံတွင် ရှင်ရဟန်းအဖြစ်ကို ရ၏။ တရားကို ကြိုးစားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်သွား၏။ ကုသိုလ်ကံအားလုံး ဆိတ်သုဉ်းသွား၏။
No comments:
Post a Comment